Tuesday, December 15, 2020

ဒန့်ဒလွန်ပင်စိုက်ပျိုးနည်း

မင်္ဂလာပါခင်ဗျာဒန့်ဒလွန်သီးတွေ အများကြီးသီးအောင်ဒန့်ဒလွန်ပင် စိုက်ပျိုးနည်း

ဒန့်သလွန်ပင်ကို အိမ်ခြံ၀င်းများတွင် စားသုံးသီးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျစီးပွားဖြစ်  စိုက်ပျိုးကြခြင်း မရှိကြသေးပါ။ 

ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍လည်းကောင်း၊အစေ့ တိုက်ရိုက်မြေချ၍လည်းကောင်း စိုက်ပျိုးလေ့ ရှိကြသည်။

(က) ကိုင်းဖြတ်စိုက်ပျိုးနည်း

အကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန်၊ ဇွန်လတွင် ဆောင်ရွက်ရသည်။ ဒန့်သ လွန်ပင်ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါမည်။ ဒန့်သလွန် ပင်စိုက်မည့်နေရာကို (၃-၃-၃) ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာ ဆတူခန့်ရော၍ ထည့်ရပါမည်။

 ထို့နောက် အချင်းတစ်လက်မ ခန့်အရှည်ရှိ တစ်နှစ်သား အဖျားကိုင်းများကို ဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။ စိုက်ကျင်းအတွင်းတွင် အနည်းဆုံး အနက်(၆) လက်မအထိ အကိုင်းကို မြှပ်စိုက်ရပါမည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။

 ဒန့်သလွန်ပင်သည် အမြစ်ထွက်လွယ်သော အပင်ဖြစ် သဖြင့် မြေချစိုက်ထားသောအကိုင်းသည် စိုက်ပြီးတစ်ပတ်အတွင်း အမြစ်ထွက်ပြီး ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။
ကိုင်းဖြတ်သည့် ဒန့်သလွန်(၂) နှစ်သားအပင်သည် စတင်သီးပွင့်နိုင်ပါသည်။ သို့ရာတွင် (၄) နှစ်သား၊ (၅) နှစ်သားရောက်မှ အသီးများများသီးလေ့ရှိသည်။

(ခ) အစေ့ကိုတိုက်ရိုက်ချစိုက်နည်း

ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ၍လည်းရသည်။ ဒန့်သလွန်ပင်မှ မျိုးစေ့ ယူရန်အတွက်နွေကာလ(မတ်လ၊ဧပြီလ)များတွင်ကောင်းစွာရင့်မှည့်သောဒန့်သလွန်သီးသည် ဖြူမွဲမွဲအရောင်ရှိပြီး ကောင်းစွာ ရင့်မာနေရာပါမည်။ ဒန့်သ လွန်သီးမှ အစေ့ယူပြီး မိုးဦးကျချိန်ဇွန်လတွင် မြေချစိုက်ပျိုးရပါမည်။ 

စိုက်မည့်နေရာ ကို (၁-၁-၁) ပေ ကျင်းတူးပြီး မြေသားနှင့် နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေးမြေဆွေးဆတူရော၍ ထည့်ရပါမည်။ ထို့နောက် ကျင်းအလယ်တွင် အစေ့ကို တစ်လက်မခန့် မြေမြှပ်၍ စိုက်ရပါမည်။ စိုက်ချိန်တွင် မိုးမရွာပါက အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန်လိုသည်။

 အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင် ပေါက်လာသည်။ အစေ့စိုက်အပင် တွင်လည်း တစ်ပင်နှင့်တစ်ပင်ပေ(၂၀) ခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၀၈) ပင်၀င်မည် ဖြစ်သည်။

ဒန့်သလွန်အစေ့စိုက်ပင်သည် ကိုင်းဖြတ်စိုက်သကဲ့သို့ပင် (၂) နှစ်သားတွင် စတင်ပွင့်သီးနိုင်ပြီး (၄) နှစ် (၅) နှစ်သားရောက်မှ အသီးဖြိုင်ဖြိုင်သီးလေ့ရှိပါ သည်။ ကိုင်းဖြတ်စိုက်ပင်ထက် အစေ့စိုက်ပင်က အသီးပိုသီးလေ့ရှိသည်။
ဒန့်သလွန်ပင်အကိုင်းကို မြေထုပ်စီးနည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ 

မြေထုပ်စီး၍ စိုက်ခြင်းသည် ကိုင်းဖြတ်ဒစိုက်ခြင်းထက် အပင်ဖြစ်ထွန်းရန်ပို၍ သေချာပါသည်။ သို့ရာတွင် ကိုင်းဖြတ်စိုက်နည်းဖြင့် လွယ်ကူစွာ စိုက်ပျိုးဖြစ် ထွန်းလျက်ရှိသဖြင့် မြေထုပ်စီးစိုက်ပျိုးခြင်းကို အသုံးပြုခြင်း မရှိချေ။
အဆင် ေပြကြပါ ေစ


No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........