မင်္ဂလာပါခင်ဗျာစီးပွားဖြစ်နဂါးမောက်စိုက်ပျိုးနည်း
နဂါးမောက် သီးသည် အရွက်မရှိ၊ ပင်စည်တွင် အစာနှင့် ရေသိုလှောင် ထားနိုင်သော တွယ်ကပ်ပင် အမျိုးအစား ဖြစ်ပါသည်။ နဂါးမောက်သည် တောက်ပသော အနီရောင် အခွံပျော့ရှိပြီး အစိမ်းရောင် ရွက်ဖတ်များ ပါဝင်သည်။ အစိမ်းရောင် ရွက်ဖတ်သည် အသီးရင့်မှည့်ပါက အနီရောင်သို့ အသီးခွံ ပျော့နှင့်အတူ ပြောင်းလာမည်။ အသီး၏ အတွင်းအသားရောင်မှာ သေးငယ်သော အနက်ရောင်စေ့များ ပါဝင်သော အဖြူရောင်၊ သို့မဟုတ် ကြက်သွေး ရောင်၊ ခရမ်းရောင် ရင့်ရင့်၊ အနီရောင်၊ အသားရောင် အသားပါရှိသည်။ နဂါး မောက်ပင် ၏ အပွင့်မှာ အလွန်လှပပြီး ညတွင်ပွင့် သောကြောင့် ည၏ ဘုရင်မပန်း ဟုပင် တင်စားခေါ် ပါသည်။
အရည် ရွှမ်းသော အသီးသည် စားသုံးရန် အရသာရှိသော အသီးတစ်ခုဖြစ်ပါ သည်။ နဂါးမောက်သီးပင်နှင့် နဂါးမောက် သီးထုတ်လုပ်ခြင်းကို စားသုံးသီးနှံ အသစ် တစ်ခုအဖြစ် သြစတြေးလျ၊ တရုတ်၊ အစ္စရေး၊ မလေးရှား၊ နီကာကွာရာ၊ ထိုင်ဝမ်နှင့် ဗီယက်နမ် နိုင်ငံများတွင် စီးပွားဖြစ် စိုက်ပျိုးခြင်း၊ နိုင်ငံခြားသို့ တင်ပို့ ရောင်းချခြင်း ပြုလုပ်လာ ပါသည်။ ဗီယက်နမ် နိုင်ငံတွင် နဂါးမောက်သီး စိုက်ပျိုး ရောင်းချခြင်းကို ဒူးရင်းသီး စိုက်ပျိုးခြင်း ထက်ပိုမို တွင်ကျယ်၍ စီးပွားကိုက်အောင် စိုက်ပျိုး လာနိုင်ခဲ့ ပါသည်။ နဂါးမောက်ပင်စိုက်ပျိုး ရာတွင် အပင်တွယ်တက်ရန် တိုင်နှင့်တန်း များ၏ တန်ဖိုးကြောင့် အရင်းအနှီးကြီး သည်ဟု ပြောနိုင်သော်လည်း မိမိပတ်ဝန်း ကျင်တွင် လွယ်ကူစွာနှင့် ဈေးချိုစွာရနိုင် သော သစ်ဝါးကို အသုံးပြု၍ စိုက်ပျိုးပါက အရင်းအနှီးမများလှပဲ စတင်စိုက်ပျိုးနိုင်ပါသည်။
သစ်၊ ဝါးကို အသုံးပြု၍ စာရေးသူ စိုက်ပျိုးထားသော ပုံများကိုလေ့လာနိုင်ပါ သည်။ နဂါးမောက်ပင်ကို အထူးတလည် ဂရုစိုက်စရာမလိုပဲ လွယ်ကူစွာစိုက်ပျိုးနိုင် ခြင်း၊ ပြုစုစောင့်ရှောက်မှုနည်းခြင်းနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်းတို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးစားပင် တစ်ခု ဖြစ်ပါသည်။ နဂါးမောက်သီးပင်သည် အပင်သက်တမ်း အနှစ် ၂၀ ခန့်ရှိပြီး တစ် ဧကတွင် အပင် ၁,၆၀၀ မှ ၅၀၀၀ စိုက်ပျိုး နိုင်ပါသည်။ အကြမ်းအားဖြင့် နဂါးမောက်ခြံတစ်ဧကလျှင် အသီး ၁၀ တန်ခန့်ရရှိပါ မည်။ စိုက်ပျိုးပြီးရှစ်လကျော်လျှင် နဂါး မောက်သီး စတင်သီးလာမည်ဖြစ်ပါ သည်။ စွမ်းအားပြည့် သီးပွင့်လာစေရန် အတွက် အပင်သက်တမ်း နှစ်နှစ်မှ ငါးနှစ် ကြာပါသည်။ နဂါးမောက်သီးပင်ကို နွား ချေး၊ မြေဆွေးစသည့် ပတ်ဝန်းကျင်တွင် လွယ်ကူစွာရနိုင်သော အော်ဂဲနစ်မြေသြဇာ သုံး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ နဂါးမောက်သီးပင်သည် နိုက်ထရိုဂျင် လိုအပ်မှု နည်းသောကြောင့် နောင်တွင်တွင်ကျယ် လာမည့် စီးပွားရေးအရ အလားအလာ ကောင်းသော သီးစားပင်ဖြစ် လာနိုင်ပါသည်။
နဂါးမောက်သီးပင် မျိုးကွဲများစွာ ရရှိသော်လည်း စာရေးသူအနေနှင့် အတွင်းသား အဖြူရောင်နှင့် အနီရောင်နှစ်မျိုးကို သာ အဓိကဆွေးနွေးသွားပါမည်။ နဂါး မောက်ပင်ကို လေ့လာရာတွင် သုံးထောင့်ပုံ ပင်စည်၊ ပင်လုံးရှိပြီး အဖြူရောင်ပန်းပွင့် ရှိပါသည်။ စားသုံးနုငိင်သော နဂါးမောက်သီး ပင်၏ ပင်စည်၊ ကိုင်း၊ အပင်၏သဘာဝ၊ အသီး၏ အရောင်နှင့် အသီးအတွင်း အသား၏ အရောင်ကိုမူတည်၍ ခွဲခြား လေ့လာနိုင်ပါသည်။ နဂါးမောက်သီးဟု လွယ်ကူစွာခေါ်သလို နိုင်ငံအလိုက် လူမျိုး အလိုက် အခေါ်နာမည်များ ကွဲပြားခြားနား ပါသည်။ ရုက္ခဗေဒဆိုက်ရာ ဖော်ပြရာတွင် နဂါးမောက်ပင်သည် အပေါက်မြန်ကြီးထွားသော တွယ်ကယ်ပင်ဖြစ်သည်။ အများအား ဖြင့် သုံးထောင့်ပုံပင်စည်ကို ရှားပါးစွာတွေ့ရ တတ်ပါသည်။ ပင်စည်မှ အကိုင်း၊ အခက်၊ အတက်ခွဲများ ထွက်နေသည်ကိုတွေ့ရပါ မည်။ အကိုင်း၊ အခက်၊ ပင်စည်မှ အမြစ် ပွားများ ထွက်လာပြီး ယင်းအမြစ်ပွားများက တွယ်ကပ်၍ရသော သစ်ပင်၊ ကျောက်နံရံ စသည့် အသင့်အတင့်စွတ်စိုသော မှီတွယ် စရာကို မှီတွယ်၍ တက်ပါသည်။
နဂါးမောက်ပန်းပွင့်
သုံးခုမှ ငါးခုပါသော အဖူးတို့သည် ပင်စည်မှ တိုက်ရိုက်ထွက်လာပါသည်။ ယင်းအဖူးတို့သည် ၁၃ ရက်ခန့်တွင် ပန်းဖူးများ အဖြစ်ပြောင်းလဲ သွားပါမည်။ အစိမ်းရောင်ဖျော့ဖျော့ပန်းဖူးတိုသည် ၁၇ ရက် အကြာတွင် ၂၈ စင်တီမီတာ ခန့်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ပန်းပွင့်တို့သည် ညနေ ၆ နာရီမှစ၍ လျင်မြန်စွာပွင့်လာပြီး ည ၁၀ နာရီခန့်တွင် အစွမ်းကုန်ပွင့်ပါမည်။ နောက် နေ့ည ၂ နာရီခန့်တွင် ပန်းပွင့်ဝတ်မှုန်ကူးပြီး ပန်းပွင့်ညှိုးပိတ်နေပါမည်။
ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ အလင်းရောင် ပန်းပွင့်ခြင်းကိုသြဇာ သက်ရောက် ပြောင်းလဲစေနိုင် ပါသည်။ ပူနွေး၍ တိမ်သာသောနေ့တွင် ညနေ လေးနာရီခန့်တွင် ပန်းပွင့်နိုင်သလို အေးမြသော ရာသီဥတုတွင် ပန်းပွင့်ဖတ်များ ညှိုးပိတ်ခြင်းကို နေ့ခင်း တစ်နာရီခန့်အထိ တွေ့နိုင်ပါမည်။ ညတွင် ပန်းဖြစ်သော်လည်း ပန်းဝတ်မှုန်ကူးခြင်း ညတွင် မဖြစ်ခဲ့ပါက နောက်နေ့နံနက်အထိ ပန်းဆက်လက်ပွင့် နေမည် ဖြစ်ပါသည်။ ပန်းပွင့်အဖူးမှ ပန်းပွင့်သည် အထိ ၂၅ မှ ၃၅ ရက်ခန့်ကြာတတ် ပါသည်။
စာရေးသူ၏ နဂါးမောက်ခြံတွင် ဧပြီ လမှ နိုဝင်ဘာလအထိ နဂါးမောက်ပန်းများ ပွင့်ပါသည်။ ဒီဇင်ဘာလအအေးပေါ့သော ကာလတွင်လည်း အနည်းငယ် သီးပွင့်တတ်ပါသည်။
ပန်းဝတ်မှုန်ကူးခြင်း
သစ်သီးများ ကြီးထွား အောင်မြင်စေရန် ဝတ်မှုန်ကူးခြင်းသည် အလွန်အရေး ကြီးသည်။ နဂါးမောက် ပန်းပွင့် တို့သည် ညတွင်ပွင့် သောကြောင့် ညတွင်သွားလာနေသော အင်းဆက်၊ တိရစ္ဆာန်ငယ်များကြောင့် ဝတ် မှုန်ကူးခြင်း အောင်မြင်နေရပါသည်။ စာရေး သူ၏ခြံတွင် သီးနှံအသစ်အဖြစ် စိုက်ပျိုး ရာတွင် သဘာဝအလျောက် ဝတ်မှုန်ကူး ခြင်းအောင်မြင်မှု သင့်တင့်အောင် ရှိပါသည်။
သို့သော် ဝတ်မှုန်ကူးခြင်းအားလုံး အောင်မြင်ရန်မှာ လူနှင့် ဝတ်မှုန်ကူးခြင်း ပြုလုပ်ပေးရမည်ကို အလေးအနက်ထား၍ စဉ်းစားရပါမည်။ ပျားမွေးမြူ ခြင်းကို တွဲ ဖက် ပြုလုပ်ပါက ဝတ်မှုန်ကူးခြင်းကို ပျားများက တာဝန်ယူသွားမည် ဖြစ်ပါသည်။ ပင်ထီး ဝတ်မှုန်ကူးခြင်းထက် ပင်ခြား ဝတ်မှုန် ကူးခြင်းက သာလွန်ကောင်းမွန် သော အသီးများရနိုင်သဖြင့် နဂါးမောက် အဖြူသီးနှင့် အနီရောင် အသီး
မျိုးပင်တို့ကို သင့်တင့်စွာရော၍ စိုက်ပေးထား သင့်ပါသည်။
နဂါးမောက်အသီးသီးခြင်း
နဂါးမောက် အသီးအရွယ် အစားကြီးသည် ဖြစ်စေ၊ အလယ် အလတ်စား ဖြစ်စေ ပုံသဏ္ဌာန်မှာ ကြက်ဥကြီး၊ ဘဲဥကြီးအဝိုင်း ပုံနှင့် ပွင့်ဖတ်ချပ်များပါဝင်သည်။ အသီး အရောင်မှာ အနီရောင်ဖြစ်ပါသည်။ အသီး ၏အတွင်းအသားရောင်မှာ အဖြူရောင်၊ သို့မဟုတ် အနီရောင်ဖြစ်ပါသည်။ အဝါ ရောင် နဂါးမောက်သီးကိုတော့ စာရေးသူ ၏ခြံတွင် မရရှိသေးပါ။ နဂါးမောက်သီး၏ ပြင်ပအရောင်မှာ နုစဉ်ကာလတွင် အစိမ်းရောင်ဖြစ်ပြီး ခန့် မှန်းခြေ ၂၅ ရက်ခန့်အကြာတွင် အနီရောင် သည် လေးရက်မှ ငါးရက်ခန့်ကြာပြီးလျှင် လုံးဝအနီရောင်သို့ ပြောင်းလဲသွားပါမည်။ နဂါးမောက်သီး၏ အသီးအဆင့်ဆင့် ဖြစ်ပေါ်လာပုံ ရင့်မှည့်လာချိန်မှာ အသီး ကင်းစသည်မှစ၍ အသီးရင့်မှည့်လာချိန် အထိ ရက်ပေါင်း ၂၅ ရက်မှ ၄၅ ရက်ခန့် ကြာပါသည်။ နဂါးမောက်သီးကို အခွံခွာ ၍ အခြောက်ခံလျှင် အလေးချိန်လျော့ကျ သွားသလို အသားသည်လည်း ပျဉ်းတွဲ လာပါသည်။ နဂါးမောက်သီးသည် ခူး ဆွတ်ပြီးနောက် ရင့်မှည့်ပြောင်းလဲခြင်း မရှိပါ။
အရင့်မှည့်ဆုံးအချိန်တွင် နဂါးမောက် သီးသည် အနီရောင်သို့ ပြောင်းလဲသွား ပါမည်။ အသီးတွင်ရှိသော ရွက်ဖက်များ ၏ အရောင်သည်လည်း အနီရောင်သို့ ပြောင်းပါမည်။ အတွင်းသားအဖြူရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အစိမ်းရောင်ဖြစ်ပြီး အတွင်းသား အနီရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အနီရောင်ဖြစ်ပါသည်။ အသီးမှည့်ချိန်၊ ခူး ဆွတ်ချိန်မှာ အသီးစတင်ပြီး ရက်ပေါင်း ၃၀ မှ ၅၀ ကြာပါသည်။ နဂါးမောက်သီးသည် ပူအိုက်စွတ်စို၊ သို့မဟုတ် ပူအိုက်ခြောက် သွေ့သော ရာသီဥတုတွင် စိုက်ပျိုးနိုင်ပြီး နိုင်ငံအများအပြားတွင် အောင်မြင်စွာ စိုက်ပျိုးနေသည်ကို လေ့လာသိရသည်။
နဂါးမောက်သီး စားသုံးမှုနှင့်အသုံးချမှု
နဂါးမောက်သီးကို အသီးမှည့်စား သုံးမှုသာမက စက်မှုကုန်ကြမ်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အသီး၏ ၇၀ ရာခိုင် နှုန်းမှ ၈၀ ရာခိုင်နှုန်းရှိသော အသီး၏ အသားကို စားသုံးနိုင်ပြီး အသီးမှည့်အတိုင်း မပြုပြင်ဘဲ စားသုံးလေ့ရှိပါသည်။ နဂါး မောက်သီးမှည့်ကို စက်မှုကုန်ကြမ်းအဖြစ် သုံးပြီး ဖျော်ရည်၊ ယိုလုပ်ငန်း၊ ရေခဲမုန့်၊ ဂျယ်လီနှင့်ဝိုင်လုပ်ငန်းများတွင် တွင်ကျယ် စွာ သုံးလေ့ရှိပါသည်။ အစားအသောက် များကို အရောင်ဆိုးရန်အတွက် သဘာ၀ ဆိုးဆေးလုပ်ငန်းတွင်လည်း အသုံးပြုပါ သည်။ နဂါးမောက်ပန်းအဖူးကလေးများ ကို စွပ်ပြုတ်ပြု၍စားသောက်နိုင်သလို အပွင့်ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဆူဆူနှင့် သောက်ပါက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါသည်များအတွက် ကျန်းမာရေးဆေးတစ်မျိုးအနေနှင့် သုံးလေ့ ရှိပါသည်။ နဂါးမောက်သီးအနီတွင် ကျန်း မာရေးအထောက်အကူပြု ဂုဏ်သတ္တိများ ဆေးဖက်ဝင်သည့် အကျိုးကျေးဇူးရှိပါ သည်။
နဂါးမောက်သီးအနီသည် ကင်ဆာ ရောဂါကို ကာကွယ်နိုင်သလို ဆီးချိုရောဂါ ကိုလည်း သက်သာစေပါသည်။ အစဆိပ်အတောက်ကိုပြေစေသဖြင့် ကိုလက်စထရောကိုကျစေပြီး သွေးတိုးကို သက်သာစေပါသည်။ သွေးတွင် ပါဝင်သော သကြားပမာဏကို လျော့ကျစေပြီး သွေး ယိုစီးမှုကို ကာကွယ်ခြင်းနှင့် သွားများကို လည်း ခိုင်မာစေပါသည်။ နဂါးမောက်သီးတွင် ဗီတာမင်စီနှင့် ဖော့စရပ်စ်ဓာတ်များ ပါဝင်သဖြင့် အရိုးများကို ခိုင်မာစေပြီး သွားများကို ခိုင်မာစေခြင်းနှင့် အသားအရေ၊ အရေပြားတို့ကို လှပစေပါသည်။ အားလုံးခြုံငုံ၍ ပြောရလျှင် နဂါးမောက် အနီသီးသည် ကျန်းမာရေး အထောက်အကူ ဖြစ်သည့် ဆေးဖက်ဝင် အသီးတစ်မျိုးဖြစ် ပါသည်။
နဂါးမောက်သီးပင် စိုက်ပျိုးရေးခြံ များကို အိမ်တွင် တစ်နိုင်တစ်ပိုင်မှစ၍ ဧက ပေါင်းများစွာ စိုက်ပျိုးသော ခြံများအထိ တွေ့ရနိုင်ပါသည်။ စာရေးသူ၏ခြံတွင် နဂါး မောက်ပျိုးပင်များနှင့် ကိုင်းဖြတ်များကို လိုအပ်သလောက် ဝယ်ယူရရှိနိုင်ပါသည်။ နဂါးမောက်ပင် စိုက်ပျိုးခြင်းသည် ဝင်ငွေ ကို အမြန်ဆုံးပြန်ရရှိစေသော နှစ်ရှည်သီး စားပင် ဖြစ်ပါသည်။ ပထမ ၈လမှ နှစ်နှစ် အတွင်း ဝင်ငွေရရှိနိုင်ပြီး ငါးနှစ်အတွင်း အပြည့်အဝသီးပွင့်၍ ပုံမှန်ဝင်ငွေကောင်း ရရှိစေနိုင်ပါသည်။
နဂါးမောက်သီးပင် စိုက်ပျိုးခြင်းသည် ပူနွေးခြောက်သွေ့သော နေရာဒေသများ တွင် စိုက်ပျိုးရန် အထူးသင့်လျော်သော နှစ်ရှည်သီးစားပင် ဖြစ်ပါသည်။ အသင့်အတင့် ဆားပေါက်နေရာများတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ မြန်မာ နိုင်ငံ၊ နောင်ချိုမြို့နယ်နှင့် ပုပ္ပားတောင်ဒေသတွင် စီးပွားဖြစ် အောင်မြင်စွာ စိုက်ပျိုးနေ သည်ကို တွေ့ရှိရပါသည်။ နဂါးမောက်ပင် ကို အခြားသီးနှံများနှင့်အတူတွဲ၍ အောင် မြင်စွာစိုက်ပျိုးခြင်း သစ်တောဌာနနှင့်ပေါင်း ၍ စိုက်ပျိုးခြင်းများကိုလည်း စီးပွားဖြစ် ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်စိုက်ပျိုး
နဂါးမောက်သည် အခြားသော မျိုး နွယ်တူ ရှားစောင်းပြသာဒ်၊ ပဒုမ္မာပင်များ နှင့်မတူဘဲ မိုးရေချိန်လက်မ ၂၀ မှ လက်မ ၈၀ ခန့်လိုအပ်ပါသည်။ အလွန်အမင်း မိုး များပါက အပွင့်များကြွေကျခြင်း၊ အသီး ငယ်များပုပ်၍ ကြွေကျခြင်းများ ဖြစ်နိုင်ပါ သည်။ အသင့်တော်ဆုံး ရေမြေသဘာဝကို အသေးစိတ် ရှင်းလင်းဖော်ပြထားပါသည်။ မြေအမျိုးအစား နဂါးမောက်ပင်ကို မြေအမျိုးအစား များစွာတွင် ကောင်းမွန်စွာစိုက်ပျိုးနိုင်ပါ သည်။ အရေးကြီးသည်မှာ ရေမဝပ်ရန် ရေစီး ကောင်းစေသော သဲနှုန်းမြေတွင် ပွဖြစ်ရန် လိုသည်။
မြေဆွေးများစွာပါဝင်သော သဲနှုန်း
မြေကို နှစ်သက်ပါသည်။ အနည်းငယ် အချဉ်ဓာတ်ပေါက်သော မြေတွင် နဂါး မောက်ပင် စိုက်ပျိုးထားသည် ကိုလည်း တွေ့နိုင်ပါသည်။ စိုက်ပျိုးသူ၏ ဂရုစိုက်မှု၊ ကျွမ်းကျင်မှုကိုတည်၍ အနည်းငယ်ဆား ဓာတ်ပါသော မြေတွင်လည်း အောင်မြင် စွာစိုက်ပျိုးနိုင်ပါသည်။
နဂါးမောက်ပင်စိုက်ပျိုးခြင်း
နဂါးမောက်ပင်ကို (၁) အစေ့မှ ပျိုး ခြင်း၊ (၂) ကိုင်းဖြတ်စိုက်ပျိုးခြင်းဟူ၍ အဓိကနည်းနှစ်မျိုးဖြင့် စီးပွားဖြစ် စိုက်နိုင် ပါသည်။ အစေ့မှ ပျိုးခြင်း အစေ့မှပျိုးရာတွင် နဂါးမောက်မိခင် ပင်မှ ရွေးချယ်ထားသော ရင့်မှည့်သည့် အသီးမှ အစေ့ကို ယူရပါမည်။ အစေ့များ ကို ရေဆေးပြီး သဲနုန်းမြေ၊ သို့မဟုတ် သဲ နုန်းနှင့် မြေဆွေးရောထားသော မြေတွင် အညှောက်ပေါက်စေပါ။ မြေကိုရေစွတ်စို နေပါစေ။ အစေ့များသည် သုံးရက်မှ လေး ရက်တွင် အညှောက်များ စပေါက်လာပါ မည်။ အစေ့များ အညှောက် ပေါက်ပြီး လေးပတ်မှ ငါးပတ်အကြာတွင် အိုးတွင် ထည့်၍ ပျိုးရပါမည်။
အိုးများနှင့် ပျိုးထားသော နဂါးမောက် ကို ကိုးလ၊ ၁၀လ အကြာတွင် မြေချစိုက်နိုင် ပါသည်။ ဤစနစ်သည် ရိုးရှင်း၍ လွယ်ကူ သော်လည်း မူရင်းအပင်၏ အရည်အသွေး မီအောင်ရရှိနေမှု မသေချာပါ။ ဝတ်မှုန်ကူးခြင်း၊ သဘောသဘာဝအရ အခြားမျိုးကွဲ များနှင့် ရောတတ်ပါသည်။ ထို့ပြင် အစေ့မှ စိုက်ပျိုးခြင်းသည် အချိန်ကြာမှသာ သီးပွင့် ပါသည်။ ငါးနှစ်၊ ခြောက်နှစ်ကြာအောင် အချိန်ယူတတ်ပါသည်။ ကိုင်းဖြတ်စိုက်ပျိုး ခြင်းထက် အချိန်များစွာ ကြာမြင့်ပါသည်။ စီးပွားဖြစ် စိုက်ပျိုးရန် သင့်တော်သော နည်းမဟုတ်ပါ။
ကိုင်းဖြတ် စိုက်ပျိုးခြင်း
အလွယ်ကူဆုံး၊ ဈေးအချိုဆုံး၊ အသင့် တော်ဆုံး မျိုးပွားရန်မှာ ကိုင်းဖြတ်များကို စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။ နဂါးမောက် သီးပွင့်ပြီး တစ်နှစ်မှ နှစ်နှစ်အကြာ ကိုင်း ရင့်ပြီးချိန်မှစ၍ ကိုင်းဖြတ် စိုက်ပျိုးနိုင် ပါသည်။ ကိုင်းဖြတ်၍ ပျိုးခြင်းကို တစ်နှစ်ပတ်လုံးပျိုး နိုင်သော်လည်း အများအားဖြင့် အသီးသီးသော ရာသီကုန်ဆုံးပြီးမှသာ အကိုင်းဖြတ်ခြင်း၊ ပျိုးခြင်းအလုပ်ကို ပြုလုပ်ကြပါသည်။
အဝါရောင်၊ အဖြူရောင် အစရှိ သဖြင့် နဂါးမောက်ပင်၏ မူလသဘာ၀ အရောင် အစိမ်းရောင်မဟုတ်သော အကိုင်းများကိုဖြတ်၍ အပင်ပေါက်ပျိုးခြင်း မပြု လုပ်သင့်ပါ။ စိုက်ပျိုးရန်အတွက် ကိုင်းဖြတ်ခြင်း ကို နံနက်ခင်းတွင် ပြုလုပ်သင့်သည်။ ကိုင်းဖြတ် စိုက်ပျိုးရန်အတွက် နဂါးမောက်ကိုင်း ဖြတ်ရာတွင် အရှည်တစ်ပေမှ တစ်ပေခွဲခန့် ဖြတ်သင့်ပါသည်။ ကိုင်းဖြတ်ရှည်လျှင် ရှည် သလို အမြစ်သစ်များ ထွက်ပေါ်မှု၊ အရွက် နှင့် အတတ်ပေါက်မှုများ ပိုမြန်ပါသည်။ အကိုင်းဖြတ်ထဲတွင် သိုလှောင်ထားသော ရေနှင့် အစာကြောင့် ဖြစ်ပါသည်။ ကိုင်းများကို ဖြတ်ရာတွင် အောက် ခြေကို အနည်းငယ်ရွေ့စောင်း၍ ဖြတ်လေ့ ဖြတ်ထရှိပါသည်။ ကိုင်းရင့်များသည် ကိုင်း နုများထက်ပို၍ အင်းဆက်ပိုးများနှင့် အခြား ဘေးဒဏ်များကို ခံနိုင်ရည်ရှိပါသည်။
ကိုင်းဖြတ်များကို မှိုသတ်ဆေးတွင် တို့ပြီးမှ စိုက်ပါက မှိုရောဂါ ကာကွယ်ရာ ရောက်ပါ သည်။ ထို့ပြင် ကိုင်းဖြတ် များကို အေး၍ ခြောက်သွေ့သော နေရာများတွင် ငါးရက်မှ ခုနစ်ရက်ခန့်ထားပြီးမှ စိုက်လေ့ရှိပါသည်။ ကိုင်းဖြတ်များကို စိုက်ကွင်းထဲတွင် တိုက်ရိုက် စိုက်နိုင်သော်လည်း အရိပ်တွင် ပျိုး အိတ်၊ သို့မဟုတ် အိုးနှင့် မြေဆွေးထည့်၍ အမြစ်ထွက်လာရန် ပျိုးပြီးမှသာ စိုက်လေ့ ရှိပါသည်။ အကိုင်းဖြတ်များမှ အမြစ်ထွက်မြန် စေရန် အမြစ်ပွားဆေး၊ သို့မဟုတ် အမြစ် ထွက်စေသော ဟော်မုန်းဆေးတွင် နှစ်ပြီးမှ စိုက်ပါက အမြစ်ထွက်မြန်ပါသည်။ ရက် ၄၀ မှ ရက် ၅၀ ခန့်ကြာမှ အမြစ်ထွက် သော နဂါးမောက်အကိုင်းဖြတ်သည် ၁၀ ရက်မှ ၁၅ ရက်အကြာတွင် အမြစ်ထွက်လာနိုင်ပါသည်။
အမြစ်ထွက်စေသော ဟောမုန်းဆေး
နဂါးမောက်ပင် အကိုင်းဖြတ်ကို စို စွတ်စေပြီး အမြစ်ထွက်စေသော ဟော်မုန်း အမှုန့်တွင် ၁၀ စက္ကန့်ခန့်နှပ်ပြီးမှ အမြစ်ပွားများ အတက်ထွက်ခြင်းမြန်ပြီး သန်စွမ်းသော အမြစ်ပွားများ လေးလမှ ခြောက်လ အတွင်းထွက်ရှိပါမည်။ အတက်များသည်လည်း တစ်ရက်လျှင် တစ်လက်မခန့် ရှည် ထွက်ပါမည်။ ကိုင်းဖြတ်များကို ခရီးဝေးသို့ တင်ပို့လျှင် ရေစိုသော စက္ကူ၊ သို့မဟုတ် အဝတ်စနှင့် ရစ်ပတ်၍ ပို့သင့်ပါသည်။ မလိုအပ်သော ရေခြောက်သွေ့ခြင်း မှ ကာကွယ်ရန်ဖြစ်သည်။ ကိုင်းဖြတ်စိုက် ပျိုးထားသော ပျိုးပင်ပေါက်အိုးများကို ရေ အနည်းငယ်လောင်းပေးနိုင်သော်လည်း ရေဝပ်၍ အပင်ပုပ်ခြင်းမဖြစ်စေရန် ဂရုစိုက် ရပါမည်။
နဂါးမောက်ပျိုးပင်များ၏ အမြစ် များသည် ပျိုးအိတ်၊ သို့မဟုတ် အိုး၏ အောက်ခြေမှ ဖောက်ထွက်၍ မြေသို့ စိုက်ဝင် ပြန့်ပွားလာနိုင်ပါသဖြင့် ပျိုးပင်များ မြေချရန် အချိန်မှာလည်း အရေးကြီးပါသည်။
ပျိုးပင်များကို အမြင့်ခုံတွင် တင်ထားခြင်း၊ အမာခံ မျက်နှာပြင်ပေါ်တွင် တင်၍ စိုက်ပျိုးသင့်ပါသည်။ နဂါးမောက်ပင်ကို ကိုင်းကူး၊ ကိုင်းဆက်ခြင်းနည်းဖြင့် မျိုးပွားနိုင်သော်လည်း အများအားဖြင့် လွယ်ကူ ရိုးရှင်းသော ကိုင်းဖြတ်စိုက်ပျိုးခြင်း နည်းကို သာ သုံးပါသည်။ ကိုင်းကူးခြင်းဖြင့် မျိုးရင်းတူသော အရိုင်းပင်ကို နဂါးမောက်ပင်ဖြင့် မျိုးပွားနိုင်သည်ကို စာတွေ့အနေဖြင့် လေ့လာ နိုင်သော်လည်း လက်တွေ့တွင် စမ်းသပ်စိုက်ပျိုးခြင်း မရှိသေးပါ။
ပျိုးပင်များ စိုက်ပျိုးခြင်း
ပျိုးပင်များ၊ နဂါးမောက် ကိုင်းဖြတ် များကို တစ်နေရာတွင် စုစည်း၍ ပျိုးခင်း အဖြစ် ပြုလုပ်ခြင်းဖြင့် မြေသားကို လွယ်ကူစွာ ပြုပြင်နိုင်ခြင်း၊ လွယ်ကူစွာ ရေလောင်း နိုင်ခြင်း၊ အလင်းရောင်ကို လွယ်ကူစွာ ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရပါသည်။ ကိုင်းဖြတ် စိုက်ပျိုးခြင်းကို မိုးရာသီ မရောက်မီ သုံးလခန့်ကြိုတင်၍ ပျိုးသင့် သလို အမှန်တကယ် စိုက်ပျိုးမည့်နေရာနှင့် မလှမ်းမကမ်း အနီးတွင် ပြုလုပ်ခြင်းအား ဖြင့် သယ်ယူပို့ဆောင်ခ သက်သာစေသည်။ အပျက်အစီး သက်သာစေပါသည်။ ပျိုးပင် များကို သက်တမ်းနုစဉ်တွင် သင့်တော် သော အရိပ်ပြုလုပ်ပေးရပါမည်။ အပင်ကိုင်း ဖြတ်ရွေးချယ်ရာတွင် သန်စွမ်း၍ အစိမ်းရင့် ရောင်ရှိသော အတက်ကိုင်းဖြတ်များကိုသာ သုံးရပါမည်။ ၁၀ မီတာပတ်လည် မြေ ကွက်လပ်ရှိသော ပျိုးဥယျာဉ်တစ်ခုတွင် ပျိုးပင် ၁,၁၀၀ ခန့်ဆံ့ပါမည်။ ပျိုးပင်ကိုင်းဖြတ်တချို့သည် အမြစ် မပွား၊ အတက်မပေါက်ဖြစ်နိုင်ပါသဖြင့် လိုအပ်သည့် ပမာဏထက် ပို၍ပျိုးရမည် ဖြစ်ပါသည်။ မိမိလိုအပ်မည့် အပင်ပေါက် ပမာဏနှင့် ပျိုးရမည့် အကိုင်းဖြတ် ပမာဏ သည် အရေးကြီးပါသည်။
မြေချစိုက်ပျိုးခြင်း
နဂါးမောက်ပင်သည် နေရောင်ခြည် ကို နှစ်သက်သဖြင့် ကွင်းပြင်ကျယ်တွင် စိုက်ပျိုးသင့်ပါသည်။ အရိပ်ကျသော နေရာတွင် မစိုက်ပျိုးသင့်ပါ။ သံနန်းကြိုး၊ သို့ မဟုတ် ဝိုင်ယာကြိုးသုံး၍ နဂါးမောက် ပင်ကို မချည်တုတ်သင့်ပါ။ သံနန်းကြိုး သည် နဂါးမောက်ပင်ကို ထိခိုက်ပြတ်ကျ စေသလို သံနန်းကြိုးသည်လည်း သံချေး တတ်၍ ပျက်စီးသွားသဖြင့် ကြာရှည်မခံပါ။ အုတ်နံရံ၊ သစ်ပင်စသည်တို့ကို တွယ်တက် ၍ ဥယျာဉ်ခြံမြေတွင် နဂါးမောက်ပင်စိုက် ပျိုးခြင်းသည် အပင်အနည်းငယ်သာ စိုက် ပျိုးနိုင်ပါမည်။ စီးပွားဖြစ် စိုက်ပျိုးရာတွင် ကွန်ကရစ်တိုင်၊ အုတ်တိုင်၊ သစ်မာသစ် သားတိုင်များ တန်းများကိုသုံး၍ စိုက်ပျိုး ရပါမည်။ နဂါးမောက်တိုင်များသည် အပင်၏ အလေးချိန်ကို ခံနိုင်ရန် တောင့်တင်းရ မည် ဖြစ်သလို လုံလောက်သော ဝင်လမ်း၊ ထွက်လမ်း ရှိရပါမည်။ နဂါးမောက်များကို မြေချစိုက်ပျိုးရာ တွင် တိုင်စိုက်၍ တိုင်ဘေးပတ်လည်တွင် စိုက်ပျိုးနည်းကို စာရေးသူအနေနှင့် နှစ်သက် ပါသည်။ စာရေးသူ၏ ခြံတစ်တိုင်နှင့် တစ်တိုင် ၁၀ ပေပတ်လည်ခြား၍စိုက်ပြီး တိုင် ကို မြေတွင်တစ်ပေမှ တစ်ပေခွဲအထိ စိုက် ပါသည်။ သံကူကွန်ကရစ်တိုင်များကို သုံး ကြသလို အုတ်တိုင်များကိုလည်း သုံးကြပါသည်။ ကွန်ကရစ်တိုင်ကို ခုနစ်ပေခန့် လောင်းလေ့ရှိပါသည်။ ကွန်ကရစ်တိုင် တစ်လုံးလျှင် နဂါး မောက်ပင်တစ်ပင်မှ လေးပင်အထိ စိုက် လေ့ရှိပါသည်။ မိုးဦးကျရာသီတွင် စိုက်လေ့ ရှိသော်လည်း ရေလောင်းနိုင်လျှင် တစ်နှစ် ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ရေကို မနက် ခင်းဖြစ်စေ၊ ညနေခင်းဖြစ်စေ လောင်းပေး သင့်သည်။ စာရေးသူ၏ နဂါးမောက်ခြံတွင် အပင်၏ အမြစ်အနီးသို့ ရေပိုက်ငယ်သွယ် ၍ ရေတိုက်ရိုက် လောင်းသော စနစ်ကို သုံး ပါသည်။
ကိုင်းဖြတ်ပေးခြင်း
နဂါးမောက်ပင်သည် လျင်မြန်စွာ ကြီးထွားသော အပင်ဖြစ်သည်။ တိုင်၏ ထိပ်သို့ တစ်နှစ်ခန့်အတွင်း ရောက်ရှိမည် ဖြစ်သည်။ နဂါးမောက်ပင်ကို တိုင်နှင့် ကောင်းမွန်စွာ တွယ်ကပ်နေစေရန် လျှော် ဖြင့် ခပ်ချောင်ချောင်စည်းပေးရပါမည်။ အကိုင်းအတက်ကို ချန်ထား၍ ဘေးတိုက် ထွက်သော အတက်များကို ကိုက်ဖြတ်ပစ်ပါသည်။

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........